အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ဖခင်ကြီး ECAFE ဦးညွန့်

ဦးညွန့်ဟာ နိုင်ငံတကာဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။

သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၇နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။

အခု ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးနှင့်လူမှုရေးကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့်အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို အီးကဖေးဦးညွန့်လို့ လူသိများပါတယ်။

၁၉၃၀ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့တဲ့ဦးညွန့်ဟာ မြန်မာနိုင်ငံတော်ဝန်ထမ်းဘဝနဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရခွင့်ပြုချက်အရ ECAFEတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၉ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုးက ECAFE ရဲ့ အမှုဆောင်အတွင်းဝန်အဖြစ် ခန့်အပ်ခဲ့တဲ့ဦးညွန့်ကို လူသိများရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို စတင် မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဦးညွန့်ECAFE ရဲ့ အမှုဆောင်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါတယ်။ ECAFE ရဲ့ အစည်းအဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့အထကြောင့် အင်အားကြီး ကိုလိုနီနိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ်နိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာရှနိုင်ငံတွေက မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူသဘောတူ (Consensus)ဆုံးဖြတ်တဲ့ အာရှလမ်းစဥ်(Asian Way)ကို ဦးညွန့်က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းစဥ်နဲ့ပဲ မဲခေါင်မြစ်ဝှမ်းစီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုးစေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ အာရှငွေကြေးပေးချေမှုအုပ်စု စသဖြင့် ဆက်လက်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFEရဲ့ အမှုဆောင်အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်ပါတယ်။

အားကစားလည်းလိုက်စားတဲ့ ဦးညွန့်ဟာ ရန်ကုန်တက္ကသိုလ်လှေလှော်အသင်းကိုယ်စားပြု အင်းလျားကန်ဖြတ် ရေကူးသမားတစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ်သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။

“အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကို အနိုင်လှော်ခဲ့ကြတဲ့ထဲမှာပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ်စိတ်ဓာတ်ပြင်းပြတယ်။ အမျိုးဘာသာချစ်စိတ်လည်း ပြင်းပြတယ်”လို့ ဦးညွန့်ရဲ့ ဒုတိယသားဖြစ်တဲ့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။

၁၉၇၃ခုနှစ်မှာ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင်အတွင်းဝန်အဖြစ်ကနေ အငြိမ်းစားယူခဲ့ပါတယ်။

ဦးညွန့်နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံမှာ သူ့ကိုချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေငြာချက်မှာ ဦးညွန့်ကျင့်သုံးခဲ့တဲ့ အာရှလမ်းစဥ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန် ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ၊ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။

၁၉၇၅ခုနှစ်မှာ နိကာယ်သာသနာတော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

‌‌ရွှေတိဂုံစေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ညဘက်မှာ စေတီတော်တွေကို မီးရောင်ထိန်ထိန်နဲ့ ဖူးမျော်နိုင်အောင် ဦးညွန့်က လမ်းဖော်ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။

သားလေးယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့တဲ့ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက်၁၁၂ ပြည့်ပြီဖြစ်ပါတယ်။

(ဒီဆောင်းပါးလေးကတော့ မြန်မာတိုင်းမ်ဂျာနယ်မှာပါတဲ့ဆောင်းပါးလေးပါ။ ကမ္ဘာကျော်မြန်မာတစ်ယောက်အတွက် ဂုဏ်ယူကြည်နူးရမှာပါ။  နောင်လာမယ့်မျိုးဆက်များရဲ့ ခေတ်မှာလည်း ကမ္ဘာကျော်မြန်မာလူတော် အမြောက်အမြားပေါ်ထွန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။)

Photo credit: Dr. Than Nyun

Updated: 28 October 2022